စာပေဗိမာန်သည် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများလက်သို့ စာအုပ် စာစောင်များ ရောက်ရှိအောင် စာပေဗိမာန် အရောင်းဌာနစုက ဖြန့်ချိရောင်းချပေးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန်၊ စာအုပ်ဆိုင်များ တဖြည်းဖြည်း လျော့နည်းလာမှုကို ဖြည့်ဆည်းပေးရန် စသော ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာအုပ်အရောင်းဆိုင် အသစ်တစ်ဆိုင်ကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ အမှတ် ၅၂၉-၅၃၁ စာပေဗိမာန် အဆောက်အအုံ မြေညီထပ် (၃၇ လမ်းအတွင်း) တွင် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ရက် ၌ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
စာပေဗိမာန် စာအုပ်ဆိုင်သစ်တွင် ၀တ္ထုတို၊ ၀တ္ထုရှည်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ အားကစား စသည့် သုတ၊ ရသ စာအုပ်မျိုးစုံကို ကဏ္ဍစုံလင်စွာ ဝယ်ယူရရှိနိုင်သည်။
စာပေဗိမာန်စာအုပ်ဆိုင်သစ်သည် ကျယ်ဝန်းပြီး သစ်လွင်တောက်ပသော ပြင်ဆင်မှု၊ ရိုးရှင်းသော ခင်းကျင်းပြသမှု၊ စာအုပ်များကို သက်သောင့်သက်သာ ရွေးချယ်ဝယ်ယူနိုင်မှု၊ ကျေနပ်ဖွယ်ကောင်းသော ဝန်ဆောင်မှု စသည်တို့ဖြင့် စာပေမြတ်နိုးသူများကို လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။