၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ၀တ္ထုရှည် ဘာသာရပ် အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ၀တ္ထုရှည် ဘာသာရပ် အဖွဲ့ငယ် (အတည်ပြုအဆင့်) စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးတင်မောင်ဝင်း (လေးကိုတင်)၊ ဦးတင့်နိုင်၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါ်ဌေးဌေးမြင့် (ခင်မြဇင်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ၀တ္ထုရှည် ဘာသာရပ် အဖွဲ့ငယ် (အတည်ပြုအဆင့်) ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။