Moi Webportal Myanmar တွင် ဖော်ပြထားသည့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ စည်သူဒေါက်တာသော်ကောင်းနှင့် တွေ့ဆုံ မေးမြန်းခြင်းကို အများပြည်သူများ သိရှိနိုင်ရန် ကူးယူဖော်ပြအပ်ပါသည်။
စည်သူဒေါက်တာ ဦးသော်ကောင်း
မြန်မာစာပေဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် စာရေးဆရာများ ပေါ်ထွန်းလာ စေရန်အတွက် အမျိုးသားစာပေဆုများကို နှစ်စဉ် ချီးမြှင့်လျက်ရှိသည်။
စာပေဗိမာန်၏ မူလအစဖြစ်သည့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ၁၉၄၇ ခုနှစ် သြဂုတ် ၂၆ ရက်က စတင်တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ် မေလ တွင် အသင်း၏အမည်ကို စာပေဗိမာန်ဟု ပြောင်းလဲခေါ်ဝေါ် သုံးစွဲခဲ့သည်။ ထိုနှစ်မှာပင် စာပေဗိမာန်စာပေဆုချီးမြှင့်ရန် စတင်စီစဉ်ခဲ့သည်။ စာပေဗိမာန် အုပ်ချုပ်မှုကောင်စီသည် ၁၉၄၈ ခုနှစ်ကစပြီး တစ်နှစ်အတွင်း ထုတ်ဝေခဲ့သည့် လုံးချင်းဝတ္ထုများထဲက အကောင်းဆုံး တစ်အုပ်ရွေးချယ်ပြီး ပထမဆုံး စာပေဗိမာန် ကာလပေါ် ဝတ္ထုဆုကို ချီးမြှင့်ခဲ့ရာ ဆရာမင်းအောင်က ''မိုးအောက်မြေပြင်'' ဝတ္ထုရှည်ဖြင့် ဆုရရှိခဲ့သည်။
အမျိုးသားစာပေဆုချီးမြှင့်ရာတွင် ဘာသာရပ်များ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ချီးမြှင့်လာရာ ယခုဆိုလျှင် ဘာသာရပ် ၁၆ မျိုးအထိ ရှိလာပြီဖြစ်သည်။ စာပေဗိမာန်စာမူဆုပြိုင်ပွဲအတွက်လည်း အမျိုးသားစာပေဆုကဲ့သို့ ဘာသာရပ်များကို တိုးချဲ့ချီးမြှင့်ခဲ့ရာ ယခုဆိုလျှင်ဘာသာရပ် ၁၃ ခုအထိ ရှိလာပြီ ဖြစ်သည်။
ထို့ပြင် တစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ်ရေးသားပြု စုခဲ့သည့် စာပေသမား များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ် ပြုသည့်အနေဖြင့် အမျိုးသားစာပေ တစ်သက်တာဆုကို ၂ဝဝ၁ ခုနှစ်မှစပြီး နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အထိ အမျိုးသား စာပေတစ်သက်တာဆုကို တစ်နှစ်လျှင် စာပေပညာရှင် တစ်ဦးကိုသာ ရွေးချယ် ချီးမြှင့်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်မှစ၍ ပညာရှင် သုံးဦးအထိ တိုးမြှင့် ချီးမြှင့်ခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု သုံးဆု၊ အမျိုးသားစာပေဆု ၁ဝ ဆုနှင့် စာပေဗိမာန်စာမူဆု ၂၆ ဆုကို ပေးအပ်ချီးမြှင့် ခဲ့သည်။
ယခုနှစ် အမျိုးသားစာပေဆုချီးမြှင့်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိရာ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ စည်သူဒေါက်တာ ဦးသော်ကောင်းအား ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြ ပေးပါ။
ဖြေ။ ။အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီမှာ အဖွဲ့ဝင်၊ အတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌအပါအဝင် ၆၅ ဦးရှိပါတယ်။ ဆရာတို့ နောက်ပိုင်း ဖွဲ့တဲ့အဖွဲ့တွေက အရင်ကအဖွဲ့တွေနဲ့ မတူပါဘူး။ အရင်တုန်းက အစိုးရဝန်ထမ်းတွေပါတယ်။ များသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေက ဥက္ကဋ္ဌအနေနဲ့ပါပြီး ဆရာတို့ကတော့ ဒုတိယဥက္ကဋ္ဌအနေနဲ့ပါပါတယ်။ အတွင်းရေးမှူး ကတော့ စာပေဗိမာန်က စာတည်းမှူးချုပ်က လုပ်ပါတယ်။ အခု ဒီမိုကရေစီ အစိုးရတက်တော့ ဆရာတို့ စာပေပညာရှင်တွေပဲ အားလုံး လွတ်လွတ် လပ်လပ်ရွေးပါတယ်။ အစိုးရအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ပဲဖြစ်ဖြစ်၊ စာပေဗိမာန်အနေနဲ့ပဲဖြစ်ဖြစ် ပါဝင်ပြီးတော့ ရွေးချယ်ခြင်း မလုပ်ပါဘူး။ စွက်ဖက်ခြင်း မရှိပါဘူး။ ဆရာတို့အားလုံးက ရွေးပြီးရင်သာ ဝန်ကြီးဌာနကို တင်ပါတယ်။ တင်တဲ့အခါကျရင် ဆုငွေနဲ့ပတ်သက်ပြီး ငွေကြေးတန်ဖိုးကို ဆရာတို့ကပဲ အဆိုပြုတင်ရပါတယ်။ ဘယ်ဆုကိုတော့ ဘယ်လောက် ပေးမယ်၊ သာမန်ဆုကို ဘယ်လောက်ပေးမယ်။ တစ်သက်တာဆုကို ဘယ်လောက် ပေးမယ်၊ ဘယ်နှယောက် ပေးမယ်ဆိုတာကိုလည်း ဆရာတို့က အဆိုပြုပါတယ်။
စာပေအမျိုးအစားအလိုက် အဖွဲ့ငယ်တွေဖွဲ့ထားပါတယ်။ တစ်ဖွဲ့မှာ ၁ဝ ယောက်၊ ၁၂ ယောက် လောက် ရှိပါတယ်။ အဓိကစာပေ အမျိုးအစားကတော့ ဝတ္ထုရှည်ရှိတယ်။ ဝတ္ထုတိုရှိတယ်။ ကဗျာရှိတယ်။ ပြဇာတ်ရှိတယ်။ ဒါတွေက အဓိကစာပေ အမျိုးအစားတွေပေါ့။ ကျန်တာတွေက ဘာသာပြန်၊ အင်္ဂလိပ်စာဆု၊ သိပ္ပံဆုဆိုတာတွေ ရှိပါတယ်။ အစဉ်အလာအရ မနှစ်က ကဗျာဆုနဲ့ ပတ်သက်လို့ တစ်ဆုပဲပေးပါတယ်။ ရှေးကတည်းက ဆရာတို့ မရောက်ခင် ဆရာဇော်ဂျီတို့ လက်ထက် ကတည်းက ကဗျာဆုက တစ်ဆု၊ ဝတ္ထုဆုက တစ်ဆု၊ ပြဇာတ်ဆုက တစ်ဆု၊ ဝတ္ထုတိုဆုက တစ်ဆု ပေးလေ့ ရှိပါတယ်။ များသောအားဖြင့် အခြားဆုတွေလည်း တစ်ဆုစီ ပေးပါတယ်။
သူတို့ခေါ်တဲ့ ခေတ်ပေါ်ကဗျာ၊ မော်ဒန်ကဗျာနဲ့ ပတ်သက်ပြီး မနှစ်က စပြီးတော့ ဆွေးနွေးကြတယ်။ ဆရာတို့အရင်တုန်းက ဖတ်လေ့ရှိတဲ့ ဂန္ထဝင်ကဗျာ၊ ရှေးဟောင်းကဗျာတွေပေါ့။ ရေးပုံရေးနည်းကလည်းကွာတယ်။ မော်ဒန်ကဗျာကျတော့ ကာရန်တို့၊ ဘာတို့သိပ်မရှိတော့ဘူး။ ဒါပေမယ့်လည်း မော်ဒန်ကဗျာလို့ခေါ်တဲ့ စာအုပ်တွေ ထွက်နေတာက ပိုများနေတယ်။ အဲဒါကို ဆရာတို့အဖွဲ့မှာ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီး အဲဒီ မော်ဒန်ကဗျာကို လည်း ထည့်ပြီး စဉ်းစားပါ့မယ်။ ဂန္ထဝင် ကဗျာတင်မကပါဘူး။ အစောပိုင်းကတော့ ခေတ်ပေါ်ကဗျာကို လုံးဝမစဉ်းစားဘူး။ ပယ်လိုက်တာပဲ။ ရှေးက ပုံစံစနစ်နဲ့ ဂန္ထဝင်စနစ်တွေနဲ့ စပ်ဆိုထားတဲ့ ကဗျာတွေ၊ စာအုပ်တွေကိုပဲ စဉ်းစားတယ်ဆိုတော့ ထပ်ပြီးတော့ ဆွေးနွေးကြတဲ့အခါ ဆုတွေကျတော့ ဘယ်လိုစဉ်းစားမလဲဆိုတော့ ကဗျာဆုက တစ်ဆုထဲပဲ၊ ဒါပေမယ့် အဲဒီဆုပေးတဲ့ အခါကျရင် ဂန္ထဝင်ကဗျာမျိုးလည်း ဖြစ်နိုင်တယ်။ ရှေးဟောင်းကဗျာပုံစံနဲ့ စပ်ထားတဲ့ ကဗျာမျိုးလည်း ဖြစ်နိုင်တယ်။ အခု မော်ဒန်ခေတ်ပေါ် ကဗျာမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒီနှစ်မှာ အကောင်းဆုံးထွက်တဲ့ ကဗျာစာအုပ်ကို ဆရာတို့က ပေးမယ်။ သဘောကတော့ မော်ဒန်ကဗျာ၊ ခေတ်ပေါ်ကဗျာကို ဆရာတို့ မပယ်ဘူးဆိုတဲ့ သဘော ဖြစ်သွားတာပေါ့။ အဲဒီလို ပေးလေ့ ရှိပါတယ်။
အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး တက်ပါတယ်။ အဲဒီနေ့မှာ ကျွန်တော်က ကျန်းမာရေး မကောင်းလို့ မတက်ဖြစ်ပါဘူး။ အဲဒီနေ့မှာပဲ ကဗျာကို နှစ်ဆုပေးပါ၊ မော်ဒန်ကဗျာကို တစ်ဆု၊ ဂန္ထဝင်ကဗျာကို တစ်ဆု ပေးပါဆိုပြီး ဆွေးနွေးကြ တယ်။ အဲဒီနေ့မှာ မပြတ်ဘူး၊ မပြတ်တော့ ဝန်ကြီးကပြောတယ်။ အစည်းအဝေးမှာ မပြတ်ရင် အသင့်တော်ဆုံးကတော့ လျှို့ဝှက်ဆန္ဒမဲပေးပါ။ စာပေဗိမာန် ကလည်း စီစဉ်ပေးပါမယ်။ တစ်ဆုပေးချင် လား၊ နှစ်ဆုပေးချင် လားဆိုတာကို ပုံစံလေးတွေနဲ့ အိမ်အရောက်ပို့ပေးပါတယ်။
အရင်တစ်ပတ်က နောက်တစ်ကြိမ် အစည်းအဝေးမှာ ဆန္ဒမဲပေးတဲ့ ကတ်လေးတွေကို ဖောက်ပြီး ဆန္ဒမဲပေးတယ်။ အများရှေ့မှာပဲ ရေတွက်တယ်။ မဲပေးတာက တော်တော်လေး ကွာပါတယ်။ ဆုတစ်ဆုပဲ ပေးမယ် ဆိုတဲ့ မဲအရေအတွက်က နှစ်ဆလောက်များနေတယ်။ ရေတွက်တဲ့အခါမှာ ဆုတစ်ဆုပဲပေးမယ်၊ အဲဒီဆုက ဂန္ထဝင် ကဗျာဆုဖြစ်နိုင်သလို ခေတ်ပေါ်ကဗျာလည်းဖြစ်နိုင်တယ်။ အများက အဲဒီလို ဆုံးဖြတ်တယ်။ ဆရာတို့က အဲဒီလို မှတ်သားပြီး ဝန်ကြီးကိုလည်း အကြောင်းကြားပါတယ်။ ဝန်ကြီးက ဘာမှမစွက်ဖက်ပါဘူး။ ဒီလိုပေးမယ်ဆိုလည်း ဒီလိုပဲရွေးချယ် ပါ။ ဒါပေမယ့်လည်း လောလောဆယ် စာစောင်တွေမှာ ဆရာ ဒီနေ့ဖတ်နေရတာတော့ မကျေနပ် တဲ့သူတွေရှိတယ်။ သူတို့မဲပေးတုန်းက နှစ်ဆုပေးချင်ကြတယ်။ နှစ်ဆုပေးချင်တာကို ဆရာတို့က အရင်အစဉ်အလာအတိုင်း တစ်ဆုပဲထားမယ်ဆိုတော့ နာမည်ကြီးစာရေး ဆရာကြီးတွေပါပဲ၊ မကျေနပ်လို့ ဆရာတို့အဖွဲ့က ထွက်တယ်ပေါ့။ နှစ်ယောက်လောက် ရှိပါတယ်။ ဒါပေမယ့် လောလောဆယ် ဆရာတို့ကတော့ ဘာမှမှတ်ချက်မပေးနိုင်ဘူး။ မလုပ်လည်း မလုပ်ပေးနိုင်ဘူး။ ဆရာတို့လုပ်ပိုင်ခွင့်မှာလည်း မရှိဘူး။ ဝန်ကြီးလည်း ဒီကိစ္စမှာဝင်မစွက်ဖက်ပါဘူး။ ဆရာတို့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ၆၅ ယောက် အများစုရဲ့ သဘောထားအတိုင်းပဲလို့ လော လောဆယ် လက်ခံထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အတွင်းရေးမှူးအဖွဲ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ်။
ကဗျာဆုနဲ့ပတ်သက်ပြီး ဆရာနည်းနည်းရှင်းပြချင်ပါတယ်။ ဆရာတို့ မရောက်ခင် ဆရာတို့ရဲ့ ဆရာတွေဖြစ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ရှေးတုန်းက ဆရာကြီးတွေ လက်ထက် ကတည်းက ကဗျာဆုက တစ်ဆုပါပဲ။ ဂန္ထဝင်စာပေကို ရှေးက ကဗျာစပ်နည်းတွေအတိုင်းရေးတဲ့ ကဗျာတွေပေါင်းထားတဲ့စာအုပ်တွေကိုပဲ ပေးပါတယ်။ မော်ဒန်ကဗျာ လို့ခေါ်တဲ့ ကာရန်မဲ့ကဗျာကို ပယ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက် အထိက အဲဒီအတိုင်းပါပဲ။ မော်ဒန်ကဗျာသမားတွေက အဆိုပြုလာပါတယ်။ သူတို့ ရေးတဲ့ စာအုပ်တွေက အများကြီးထွက်ပါတယ်။ ဂန္ထဝင် ကဗျာထက် တောင် များနေပါတယ်။ အဲဒီတော့ သူတို့ကိုလည်း စဉ်းစားပေးပါဆိုပြီး အဆိုပြုကြပါတယ်။
ဆရာတို့လည်း ဆွေးနွေးကြတယ်။ ဒီဆုကို အရင်အတိုင်း တစ်ဆုပဲ ထားမယ်။ ဒါပေမယ့် ရွေးတဲ့အခါကျရင် မော်ဒန်ခေတ်ပေါ်ကဗျာကို မပယ်တော့ ပါဘူး။ သူတို့ကိုလည်း ထည့်သွင်း စဉ်းစားပါမယ်။ ပြီးရင် အဲဒီနှစ်အတွက် ထွက်တဲ့အထဲမှာ ခေတ်ပေါ်ကဗျာက ပိုကောင်းတယ်ဆိုရင် ခေတ်ပေါ်ကဗျာက ဆုရမယ်။ သူတို့ဘက်က မကောင်းဘူး၊ ဂန္ထဝင်ကဗျာဘက်က ကောင်းမယ်ဆိုရင် ဂန္ထဝင်ကဗျာ စာအုပ်က ဆုရမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်။ အဲဒီဆုကို တစ်ဆုတည်းပဲထားတာက အဓိကစာပေ အမျိုးအစားတွေ ဖြစ်တဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ် အဲဒီဆုတွေအားလုံးက တစ်ဆုပဲရှိတယ်။ ကဗျာဆုကလည်း စာပေဗိမာန်စပြီး တည်ထောင် ကတည်းက၊ ဆုတွေစပေးကတည်းက တစ်ဆုတည်းပေးလေ့ရှိပါတယ်။ အဲဒါကို မပြောင်းချင်ပါဘူး ဆိုပြီး ဆွေးနွေးကြ တယ်။
အစည်းအဝေးမှာမပြတ်တော့ လျှို့ဝှက်မဲပေးကြတယ်။ မဲပေးပြီးတော့ အများရှေ့မှာဖောက်တယ်။ ဖောက်တော့လည်း နှစ်ဆနီးပါး ဆုကိုတစ်ဆုပဲထားပါ။ အဲဒီဆုမှာတော့ ဂန္ထဝင်ကဗျာကိုလည်း စဉ်းစားပါ။ မော်ဒန်ကဗျာကိုလည်း စဉ်းစားပါလို့ ဆုံးဖြတ်ကြတယ်။ အရင်အတိုင်းပါပဲ။ ဒါပေမယ့် နှစ်ဆု ပေးချင်တဲ့သူတွေကလည်း ရှိတာပေါ့။ အဲဒီတော့ မကျေနပ်လို့ ဆရာတို့အဖွဲ့က ထွက်တယ် ဆိုတာလည်း အခုကြားနေရပါတယ်။
မေး။ ။ ဆရာကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါလဲ။
ဖြေ။ ။ ဆရာတို့ အခုနောက်ပိုင်းကတော့ လုပ်လို့ ကိုင်လို့ ပိုပြီး လွတ်လပ်သွားတယ်ပေါ့။ ဆရာတို့စာပေ သမားတွေ အချင်းချင်းပဲ ဆွေးနွေးကြတယ်။ အတည်ပြုတယ်။ အတည်ပြုပြီး စာရင်းလုပ်ပြီးမှ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနကို တင်ရတယ်။ ဟိုကလည်း ဘာမှ ဝင်စွက်တာ မရှိပါဘူး။ ဆရာတို့တင်တဲ့အတိုင်းပါပဲ။ ဆုငွေလည်း နည်းနည်းထပ်တိုးဖို့ တင်ထားပါ တယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ဘတ်ဂျက်အရ ကြည့်ပြီး ချပေးမှာပါ။
ခေတ်ပြောင်းသွားတယ်။ အဖွဲ့ကလည်း ခေတ်အလိုက် ပြောင်းနေတယ်။ ပြန်ကြားရေးဝန်ကြီးဌာန က ဝန်ထမ်းတွေမပါရတော့ဘူး။ ဆရာကတော့ ဒါကောင်းတဲ့ လမ်းကြောင်းကို သွားနေတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက လျှို့ဝှက်မဲပေးတာ။ ဆွေးနွေးတာတွေကျတော့ အားလုံး ၆၅ ယောက်လုံး သဘောတူဖို့ကတော့ ခဲယဉ်းပါတယ်။ အများစုရဲ့ သဘောကိုတော့ လိုက်နာဖို့ လိုတယ်။ အဲဒီတော့မှပဲ အလုပ်လုပ်လို့ ရပါမယ်။ ဒီနှစ်ဆိုရင် ကဗျာဆု နှစ်ဆု ပေးချင်တဲ့သူတွေက မဲပေးတဲ့အခါမှာ သူတို့မဲအသာမရဘူး၊ နည်းသွားတယ်ဆိုတော့ မကျေနပ် ကြဘူး။ အဲဒီလိုကတော့ ဆရာ့အမြင်အရ ပြောရရင် သိပ်မကောင်းပါဘူး။ အများဆန္ဒကိုပဲ လူနည်းစုက လိုက်နာရမယ်လို့ ဆရာထင်ပါတယ်။ အဲဒီတော့မှပဲ လုပ်ရကိုင်ရတာ အဆင်ပြေမှာပါ။