၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ (ပဏာမအဆင့်) ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက် မွန်းလွဲ ၁: ၃၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဦးကျော်ဝင်း (အနုဿကျော်ဝင်း)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာကျော်ဝင်း၊ ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ယဉ်ကျေးမှုနှင့်အနုပညာ ဆိုင်ရာစာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှု နေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။