အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေးမူဝါဒ စာနယ်ဇင်းရှင်းလင်းပွဲကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံး) အစည်းအဝေးခန်းမ၌ (၇-၆-၂၀၁၈) ကြာသပတေးနေ့ နံနက် ၁၀ : ၀၀ နာရီတွင် ကျင်းပသည်။
အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင် ဒေါက်တာကျော်ဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း (မောင်ဇေယျာ) က အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆုရွေးချယ်ရေး မူါဒများ၊ ရွေးချယ်မှုစနစ်များ အကြောင်းကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တွဲဖက်အတွင်းရေးမှူး-၂ ဦးဌေးဝင်း (မောင်လင်းရိပ်) က အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ကဗျာအဖွဲ့ငယ်တွင် ပါဝင်သောအဖွဲ့ဝင်များ၊ ကဗျာအဖွဲ့၏ စိစစ်ရွေးချယ်မှုများအကြောင်းကို ရှင်းလင်းတင်ပြသည်။ ကော်မတီဝင် ဦးကျော်နိုင် (ထက်မြက်) က စာပေညီလာခံနှင့်ပတ်သက်သည့် အကြောင်းအရာများ ကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင် ဦးခင်မောင်စိုး (မောင်သာမည) က အမျိုးသားစာပေ ကဗျာဆုကိစ္စနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသော အချက်အလက် လွဲမှားမှု များအပေါ် သတင်းအမှန် ဖြစ်စေရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
စာနယ်ဇင်းရှင်းလင်းပွဲသို့ သတင်းမီဒီယာများမှ သတင်းထောက် (၄၃) ဦး၊ ပြင်ပမှ တက်ရောက်သည့်ပုဂ္ဂိုလ် (၂၀) ဦးနှင့် ရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့ (၄) ဖွဲ့တို့က တက်ရောက် သတင်းရယူပြီး လတ်တလောလူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည့် အမျိုးသားစာပေ ကဗျာဆု ရွေးချယ်ရေးနှင့် ပတ်သက်၍ သတင်းမီဒီယာအချို့၏ မေးမြန်းချက်များကို သဘာပတိ ဆရာဒေါက်တာကျော်ဝင်းက အသေးစိတ်ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။