ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကာတွန်းပညာရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ၁-၈-၂၀၁၉ ရက် နံနက် ၁၀ : ၀၀ နာရီက သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ရန်ကုန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနနှှင့် လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ကာတွန်းပညာရှင် ဆရာကြီးများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က စာပေဗိမာန်က ထုတ်ဝေဖြန့်ချိနေသည့် ရွှေသွေးဂျာနယ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဒို့ကျေးရွာဂျာနယ်တွင် ကာတွန်းများဖော်ပြပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက သတင်းစာများတွင် ကာတွန်းများ ဖော်ပြနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကာတွန်းပညာရှင်ကြီးများက စာပေဗိမာန်မှ ထုတ်ဝေဖြန့်ချိသည့် ရွှေသွေးဂျာနယ်တို့တွင် ပါဝင်ရေးဆွဲဖြစ်ခဲ့ပုံများ၊ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မရေးဆွဲ ဖြစ်ခဲ့ကြပုံများကိုလည်းကောင်း စာမူခနှင့် သရုပ်ဖော်ခကို ယခုထက် ပိုမို ချီးမြှင့်ပေးစေလိုမှုတို့ကို လည်းကောင်း၊ ရွှေသွေးအယ်ဒီတာအဖွဲ့နှင့် ကာတွန်းဆရာများအနေဖြင့် ရွှေသွေးဂျာနယ် အရည်အသွေးမြင့်မားရေးအတွက် နောင်အခါ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးလိုပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် သရုပ်ဖော်ကာတွန်းများကို ပိုမိုဖော်ပြပေးစေလိုကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးက ရွှေသွေးဂျာနယ်နှင့် နိုင်ငံပိုင်သတင်းစာများတွင် ကာတွန်းများ ပြန်လည်ရေးဆွဲ ပေးပို့နိုင်ရေးအတွက် မိမိတို့နှင့် တွေ့ဆုံ၍ ဆွေးနွေး အကြံပြုချက် ရယူခြင်းတို့အပေါ် ဝမ်းမြောက်ပါကြောင်းတို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က တက်ရောက်လာသည့် ကာတွန်းပညာရှင် ဆရာကြီးများ အကြံပြုဆွေးနွေးသည့် ရွှေသွေးဂျာနယ်တွင် ကာတွန်းဖော်ပြခြင်းခံရပြီးသည်နှင့် စာမူခများ ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း သွားမည်ဖြစ်ပါကြောင်း၊ ပုံနှိပ်အရည်အသွေးနှှင့် ပတ်သက်၍လည်း ယခုထက်ပိုမို ကောင်းမွန်သည့် ပုံနှိပ်စက်များဖြင့် ရိုက်နှိပ်ရန် စီစဉ်ထားပုံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ကာတွန်းဆရာကြီးတစ်ဦး အကြံပြုဆွေးနွေးသည့် ရွှေသွေးဂျာနယ် ဖြန့်ချိရောင်းချနေမှုများနှင့် ပတ်သက်၍ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ) ဦးမောင်ဝင်းနှင့် စာပေဗိမာန်မှ လက်ထောက်ညွှန်ကြားရေးမှူး (ထုတ်လုပ်) ဒေါ်မြင့်သီတာခိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို နေ့လယ် ၁၂ : ၀၅ တွင် ရုပ်သိမ်းလိုက်သည်။