အမျိုးသားစာပေ တစ်သက်တာစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန် အစည်းအဝေးခန်းမတွင် ၁၂ - ၁၁ -၂၀၁၈ ရက် မွန်းလွဲ (၂) နာရီက ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ အဖွဲ့ခေါင်းဆောင် စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်- ကထိက)၊ ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)၊ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးမော်လင်း (မော်လင်း)၊ ဒုအဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဦးသိန်းလှိုင်၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးတင့်ခိုင်၊ ဦးမျိုးညွန့်၊ ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း) တို့ဖြစ်ပြီး အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှာ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးမြဝင်း (မြဝင်း-ဒဿန)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်) တို့တက်ရောက်ကြပြီး ဥက္ကဋ္ဌ စည်သူဒေါက်တာသော်ကောင်း က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်ရာ၌ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် ဘ၀တစ်လျှောက် အပတ်တကုတ် ကြိုးစား အားထုတ်ပြုစု၍ ပြည်သူများ၏ အတွေးအခေါ်၊ အသိအမြင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗဟုသုတပွားများစေရေးအတွက် ဘာသာရပ် နယ်ပယ်အလိုက် စာအုပ်စာပေများ ပြုစုရေးသားခဲ့သူများကို ရွေးချယ်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၃:၀၀ တွင် ရုပ်သိမ်းခဲ့ပါသည်။