၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သုတပဒေသာ (သိပ္ပံ) ဘာသာရပ်အတွက် အတည်ပြုအဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သုတပဒေသာ (သိပ္ပံ) ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာမောင်မောင်ဇံ (ကြည်မင်း)၊ ဒေါက်တာသန့်လွင်မောင် (ကိုတာ)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဦးကျော်ဦး၊ ဒေါက်တာမြင့်မောင်မောင်၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးမော်လင်းတို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သုတပဒေသာ (သိပ္ပံ) ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။