၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၇-၁၁-၂၀၁၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ Sule Shangri-La Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဆုရွေးချယ်ရေးကော်မတီဝင်များ၊ စာပေပညာရှင်များ၊ စာပေဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ဆုပေးပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက မိန့်ခွန်း မြွက်ကြားသည်။ ထို့နောက် အမျိုးသားစာပေ တစ်သက်တာဆုရ စာရေးဆရာကြီး ဦးတင်မောင်မြင့်နှင့် စာပေပညာရှင်ဆရာကြီး ဦးထွန်းအောင်ချိန်တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အမျိုးသားစာပေဆုများအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ကလည်းကောင်း၊ စာပေဗိမာန် စာမူဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ၂ ဦး၊ အမျိုးသားစာပေဆု ၁၀ ဦး၊ စာပေဗိမာန်စာမူဆု ၂၄ ဦး ချီးမြှင့်နိုင် ခဲ့ပါသည်။ ဆုရရှိသူများကိုယ်စား အမျိုးသားစာပေ တစ်သက်တာဆုရှင် စာပေပညာရှင်ဆရာကြီး ဦးထွန်းအောင်ချိန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပေးခဲ့သော နိုင်ငံတော်အကြီးအကဲများနှင့် ဆုရသူများ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရသည်။