၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ပြဇာတ်စာပေ (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဇွန်လ ၉ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဦးရဲထွဋ် (သန်လျင်-မောင်ဝင်းဝါ)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ပြဇာတ်စာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။