၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေထားသည့် စာအုပ်များကို ထုတ်ဝေသူ၊ စာရေးသူနှင့် စာပေစိစစ်ရေးအဖွဲ့မှ တစ်ဆင့်အမျိုးသားစာပေဆု အုပ်ချုပ်ထောက်ပံ့မှုကော်မတီက လက်ခံရရှိလျက်ရှိပါသည်။
အဆိုပါလက်ခံရရှိသည့် စာအုပ်စာရင်းကို စာအုပ်အမည်၊ စာရေးသူအမည်နှင့်တကွ www.moi.gov.mm/ppd နှင့် Sarpaybeikman website , Like Page နှင့် အမျိုးသားစာပေဆု Face Book တို့မှ တစ်ဆင့် အများပြည်သူများ သိရှိနိုင်ရန် စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက် ရှိပါသည်။
Covid – 19 ကပ်ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဘာသာရပ်အလိုက် အဖွဲ့ငယ် အစည်းအဝေးများကို ကျင်းပခြင်းမပြုလုပ်ဘဲ စာပေဆု ရွေးချယ်ရေးအဖွဲ့ပညာရှင်ကြီးများ ဖတ်ရှုစိစစ်နိုင်ရန် ဘာသာရပ်အလိုက် စာအုပ်များကို ပညာရှင်များ၏ အိမ်အရောက် လိုက်လံ ပို့ဆောင်လျက် ရှိကာ ဖတ်ရှုပြီးသောစာအုပ်များကိုလည်း အဖွဲ့ဝင်များအချင်းချင်း လဲလှယ်ဖတ်ရှုလျက် ရှိကြောင်း သိရှိရသည်။