နိုင်ငံတော်သမ္မတကြီးအား စာပေဗိမာန်၏ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ၂၇-၁၁-၂၀၁၉ ရက် မွန်းလွဲ ၁ : ၀၀ နာရီက ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်အဆောက်အအုံဒုတိယထပ်ရှိ ခန်းမ၌ ကျင်းပသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က စာပေဗိမာန်နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ အုပ်ချုပ်မှုကောင်စီ အဖွဲ့ဖွဲ့စည်းခဲ့ခြင်း၊ စာအုပ်စာစောင်များ ထုတ်ဝေမှုအခြေအနေ၊ စာပေဗိမာန်က ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စာပေဆုချီးမြှင့်ခြင်း၊ စာပေဗိမာန်စာအုပ်သင်းဖွဲ့စည်းခြင်း၊ စာအုပ် ဈေးရောင်းပွဲတော်ကျင်းပခြင်း၊ စာတမ်းဖတ်ပွဲကျင်းပခြင်း၊ မြန်မာ့စွယ်စုံကျမ်း ပြန်လည် ထုတ်ဝေရေး ဆောင်ရွက်နေမှုများ၊ မြန်မာဂန္ထဝင်အတွဲ (၁၀၀) စာစဉ်ထုတ်ဝေနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က စာပေဗိမာန်နှင့် ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြကာ နိုင်ငံတော်သမ္မတ၏ လုပ်ငန်းလမ်းညွှန်မှုကို ခံယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတကြီးနှင့်ဧည့်သည်တော်များသည် စာပေဗိမာန်ခန်းမတွင် ခင်းကျင်းပြသထားသည့် စာပေဗိမာန်မှတ်တမ်း ဓာတ်ပုံများ၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၊ e-Library နှင့် စာပေဗိမာန်အရောင်းဆိုင်တို့ကို ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။