၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ၀တ္ထုတိုပေါင်းချုပ် အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ၀တ္ထုတိုပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဦးဝင်းငြိမ်း၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးဝင်းမြင့်မောင် (နွမ်းဂျာသိုင်း) တို့ တက်ရောက်ကြပြီး ဦးအောင်သန်း (မင်းခန့်ရွှေ) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ၀တ္ထုတိုပေါင်းချုပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။