၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ၀တ္ထုရှည်အတွက် အတည်ပြုအဆင့် အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နံနက် ၁၀: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ၀တ္ထုရှည် ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာဒေါ်ပို (မလေးပို)၊ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာဒေါ်ခင်ဆွေမြင့် (ဆွေယင်းမာ)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဦးစိန်ဝင်း (မောင်စိန်ဝင်း-ပုတီးကုန်း)၊ ဦးဝင်းမြင့်မောင် (နွမ်ဂျာသိုင်း) တို့ တက်ရောက်ကြပြီး ဦးအောင်သန်း (မင်းခန့်ရွှေ) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ၀တ္ထုရှည် ဘာသာရပ် ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။