ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောင်စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာရေးဆရာကြီး ဖိုးကျော့နှင့် စာပေပညာရှင် ဆရာကြီး ဦးထွန်းရီ (ရှေးဟောင်းသုတေသီ)တို့အား ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်သည်။
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ၆၃ ဦးကို ဘာသာရပ်အလိုက် အဖွဲ့ငယ် ၁၈ ဖွဲ့ ခွဲခြား ဖွဲ့စည်းပြီး တစ်ဖွဲ့လျှင် အမျိုးသားစာပေဆု ချီးမြှင့်ရန် စာရေးဆရာကြီး တစ်ဦးနှင့် စာပေပညာရှင်တစ်ဦး အဆိုပြု တင်သွင်းစေ၍ အဆိုပြု တင်သွင်းခြင်းခံရသော ဆရာကြီးများကို ကော်မတီဝင် တစ်ဦးချင်းစီက ကော်မတီဝင်စာပေပညာရှင်များ ရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာ ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ ခုနှစ်ကပင် စတင်ချီးမြှင့်ခဲ့ပြီး ဆုရရှိသော ပညာရှင်ကြီးများမှာ စည်သူ ဦးလှကြိုင်(ပါရဂူ)(ကွယ်လွန်)၊ စည်သူဦးထင်ဖတ်(မောင်ထင်) (ကွယ်လွန်)၊ စည်သူ ဦးဌေးမောင်(ဌေးမောင်)၊ စည်သူဦးလေးမြိုင်(လေးမြိုင်)၊ စည်သူဒေါ်ရင်ရင် (စောမုံညင်း) (ကွယ်လွန်)၊ စည်သူဒေါ်ကြန်(မကြန်)၊ စည်သူဦးကြည်အေး(ဆင်ဖြူကျွန်းအောင်သိန်း)၊ စည်သူဒေါက်တာ ကျော်စိန် (ကွယ်လွန်)၊ စည်သူဒေါက်တာခင်မောင်ညွန့်၊ စည်သူဒေါက်တာသော်ကောင်း၊ ဦးဝင်းမောင်(မင်းယုဝေ)၊ ဒေါ်ခင်ဆွေဦး(ခင်ဆွေဦး)၊ ဦးအောင်သင်း(အောင်သင်း)(ကွယ်လွန်)၊ ဦးတင်မောင် (သိပ္ပံမှူးတင်) (ကွယ်လွန်)၊ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးမြင့်ကြည်(တက္ကသိုလ်မြတ်စိုး)၊ ဦးဝင်းဖေ(မြဇင်)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးကိုလေး (ကိုလေး-အင်း၀ဂုဏ်ရည်)၊ ဦးအောင်ခန့်(တက္ကသိုလ်ဝင်းမွန်)(ကွယ်လွန်)၊ ဦးတင်ခ(တက္ကသိုလ်တင်ခ)၊ ဦးကျောက်ဆောက်သာနိုး(မောင်သာနိုး)၊ ဦးသန်းထွန်း(သိန်းသန်းထွန်း)၊ ဦးကျော်ဝင်း(ညိုဝင်း) တို့ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုရှင် သုံးဦးအထိ တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသည့်အနေဖြင့် စာရေးဆရာတစ်ဦးနှင့် စာပေပညာရှင်တစ်ဦး စုစုပေါင်း ၂ ဦး ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
ဆုချီးမြှင့်ငွေများနှင့်ပတ်သက်၍ ယခင်က တစ်သက်တာစာပေဆုကို ခြောက်သိန်း ချီးမြှင့်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၁၀ သိန်းအထိလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ၁၅ သိန်းအထိ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ၂၅ သိန်း အထိလည်းကောင်း အဆင့်ဆင့်ချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း ၅၀ အထိ တိုးမြှင့် ချီးမြှင့်သွားမည်ဖြစ်ပါသည်။
အဆိုပါဆုများကို ၈-၁၂-၂၀၁၈ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။