၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သုတ (ဝိဇ္ဇာ) ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်း ရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သုတ (ဝိဇ္ဇာ) ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးမြဟန်၊ ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဒေါ်အဝင်း၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းဌေး (သင့်နော်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာတိုးလှ၊ ဦးမြဝင်း (မြဝင်း-ဒဿန) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သုတ (ဝိဇ္ဇာ) စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့် ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။