၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးကျော်ဝင်း (မနုဿ ကျော်ဝင်း)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ)၊ ဦးကျော်စွာ (ချစ်ဦးညို)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့် စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြု ရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။