ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသော ကလေးပုံပြောပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမတွင်၂၁-၁၀-၂၀၁၆ ရက် သောကြာ၌ နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စာတည်းမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲ၀င်ကလေးငယ်များနှင့် မိဘများ၊ အမက(၆) ကျောက်တံတားမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ပုံပြောပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်သူ (၁၀) ဦးရှိပြီး အမက(၆) ကျောက်တံတားမှစတုတ္ထတန်းကျောင်းသူ မထက်ဧကရီက ''ခိုကလေးတကူကူ'' ပုံပြင်ဖြင့် ပထမဆု၊ အထက (၁) ဒဂုံမှ၊ စတုတ္ထတန်းကျောင်းသူ မဆုမြတ်ရတနာက ''အများအကျိုးအတွက် အသက်စွန့်ဝံ့သူ'' ပုံပြင် ဖြင့် ဒုတိယဆု၊ အမက (၆) ကျောက်တံတားမှ၊ စတုတ္ထတန်းကျောင်းသား မောင်ရဲရင့်အောင်က ''ခိုကလေးတကူကူ'' ပုံပြင်ဖြင့် တတိယဆု၊ TTC ကမာရွတ်မှ၊ တတိယတန်း ကျောင်းသူ မမျိုးမြတ်ဟေသီက ''မဟော်သဓာ ဇာတ်တော်ကြီး'' ပုံပြင်ဖြင့် နှစ်သိမ့်ဆု၊ အထက (၃)၊ ဗိုလ်တထောင်မှ၊ ပဉ္စမတန်းကျောင်းသူ မယဉ်မေဦးက ''ဉာဏ်ကောင်းတဲ့ ယုန်ကလေး'' ပုံပြင်ဖြင့် နှစ်သိမ့်ဆု အသီးသီး ရရှိခဲ့ကြပါသည်။
ပထမဆု-၃၀၀၀ဝိ/-၊ ဒုတိယဆု-၂၅၀၀ဝိ/-၊ တတိယဆု-၂၀၀၀ဝိ/-၊နှစ်သိမ့်ဆု-၁၀၀၀ဝိ/-နှုန်း ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ကလေးပုံပြောပြိုင်ပွဲဖြစ်မြောက်ရေးအတွက် မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလဲ့၊ မင်းကျောင်း ဆရာတော် ဦးနာရဒက ငွေကျပ်ခြောက်သောင်းငါးထောင်၊ လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ စံပယ်ခြံ (၃) လမ်းနေ၊ ဦးရဲဝေ (မြန်မာစာ) က ငွေကျပ်နှစ်သိန်းခြောက်သောင်း၊ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်း၊ အိမ်အမှတ် (၅၁)နေ ဒေါ်၀င်းသန္တာက ငွေကျပ်တစ်သိန်းတို့ကို စေတနာ ထက်သန်စွာ လှူဒါန်းခဲ့ရာစာတည်းမှူးချုပ်က လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုလွှာ မှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပါသည်။
ကလေးပုံပြောပြိုင်ပွဲ အခမ်းအနားအပြီးတွင် စာတည်းမှူးချုပ်၊ ပြိုင်ပွဲ၀င်ကလေးများ၊ ပုံပြောပြိုင်ပွဲ အကဲဖြတ် အမှတ်ပေးဒိုင်များနှင့် အလှူရှင်များ စုပေါင်း၍အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။