၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ပြဇာတ်စာပေ ဘာသာရပ် အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ပြဇာတ်စာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ပြဇာတ်စာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။