ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက ရွှေသွေးဂျာနယ် ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် (စနေနေ့) တွင် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၂) ထွက်ရှိခဲ့ပြီးဖြစ်ပါသည်။ ၎င်းဂျာနယ်တွင် မိခင့်စကား နားမထောင်သောကြောင့် အသက်အန္တရာယ်နှင့် ကြုံတွေ့ရပုံကို ကလေးများ သတိပြုဆင်ခြင်နိုင်အောင် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ထို့အပြင် စားဖွယ်စုံသော်လည်း ထိတ်လန့်ဖွယ်ရာ၀န်းကျင် ထက် လုံခြုံစိတ်ချရသော ၀န်းကျင်သည်သာ အကောင်းဆုံးဖြစ်ကြောင်း ဖော်ကျူးထားသည့် ဇာတ်လမ်း ကိုလည်း ဖတ်ရှုရမည် ဖြစ်ပါသည်။ စာဖတ်ခြင်းကြောင့် အသိအလိမ္မာတိုးကာ လောကကို အလှဆင်နိုင် ကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် ဇာတ်လမ်းလည်း ပါရှိပါသည်။ ကူညီချင်စိတ်မရှိဘဲ အမြတ်ထုတ်လိုလျှင် အကျိုးမဲ့တတ်ပုံကိုလည်း ဟာသစွက်၍ သင်ခန်းစာပေး ဇာတ်လမ်းလည်း ပါရှိပါသည်။
ရွှေသွေးသုတကဏ္ဍတွင် သီတင်းကျွတ်လပြည့်နေ့နှင့် အဘိဓမ္မာအခါတော်နေ့အကြောင်းကို စုံစုံ လင်လင် ဖတ်ရှုနိုင်ပြီး စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း၏ အကျိုးဆက်ကို ကလေး၀တ္ထုဖြင့် သင်ခန်းစာယူဖွယ် တင်ဆက်ထားပါသည်။
ထို့အပြင် အင်္ဂလိပ်ဘာသာစကား လေ့လာရာ၌ အထောက်အကူ ဖြစ်စေရန် လွယ်ကူ၍ အသုံး၀င်သော ပြုမူဆောင်ရွက်ပုံ ကြိယာအမျိုးမျိုးကို ရွှေသွေးဝေါဟာရကဏ္ဍတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ အပြောအင်္ဂလိပ်စကား ကျွမ်းကျင်စေရန် ရာသီဥတုအကြောင်း စကားစမြည် ပြောဆိုပုံကို ရွှေသွေးစကားဝိုင်းကဏ္ဍတွင် လေ့လာမှတ်သားနိုင်ပြီး အခြေခံသဒ္ဒါ ပိုင်နိုင်ရေးသည်လည်း အရေးကြီးသဖြင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Good' ၏ မူရင်း အသုံးအပြင် သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံတို့ကိုပါ ပြည့်ပြည့်စုံစုံ တင်ဆက်ထားရာ ကလေးတို့အကြိုက်တွေ့မည်မှာ သေချာပါသည်။
(၁၅-၁၀-၂၀၁၆) ရက်တွင် ထွက်ရှိခဲ့သည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅၀ိ/- ဖြစ်ပါသည်။