၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာပြန် (သုတ/ရသ) ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဘာသာပြန် (သုတ/ရသ) စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးခင်မောင်စိုး (မောင်သာမည)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာအောင်ကြီး၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်) တို့နှင့် Virtual Meeting ပြုလုပ်ခဲ့သည်။ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးကျော်နိုင် (ထက်မြက်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဘာသာပြန် (သုတ/ရသ) ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် ရွေးချယ်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။