၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအ ဝေးကို (၄-၆-၂၀၂၀) ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမနှင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့ တွင် နေရာခွဲ၍ Video Conferencing ဖြင့် ကျင်းပခြင်း၊ နေအိမ်မှ Zoom Cloud ဖြင့် ဝင်ရောက်ဆွေးနွေးခြင်းတို့ဖြင့် ကျင်းပပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် ဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေအရ တစ်နေရာတည်းတွင် စုံညီကျင်းပခြင်းမျိုးမဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ နေရာခွဲခြား ကျင်းပမှုအပြင် ပညာရှင်အချို့လည်း နေအိမ်မှ ပါဝင် ဆွေးနွေးမှုဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကော်မတီ၏ ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကို လတ်တလော အခြေအနေအရ ယခင်နှစ်ကထက် တစ်လခန့် နောက်ကျပြီးမှ ကျင်းပနိုင်သော်လည်း အမျိုးသားစာပေဆု ချီးမြှင့်မည့် အခမ်းအနားကာလအတွက် ဆောင်ရွက်ချိန် (၆)လခန့် ရရှိသည်ဟု မြင်ပါကြောင်း။
အမျိုးသားစာပေဆုသည် နိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည့်အတွက် တန်ဖိုးထား ဂုဏ်ယူရသကဲ့သို့ စာပေသမားများအပြင် ပရိသတ်များအနေဖြင့်လည်း တန်ဖိုးထား လေးစားမှု ရှိပါကြောင်း၊ နိုင်ငံတကာစာပေ သမားများနှင့် တွေ့ဆုံရာတွင်လည်း ယင်းဆုရ ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး လေးစားမှု ရှိပါကြောင်း အပါအဝင် စာပေဆုရွေးချယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူဒေါက်တာ သော်ကောင်းနှင့် ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) တို့ က Video Conferencing ဖြင့် အမှာစကားပြောကြားကြသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က စာပေဆုဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း(မောင်ဇေယျာ) က အမျိုးသား စာပေဆုအတွက် ရွေးချယ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက ဆုရွေးချယ်ရေးကော်မတီ ဖွဲ့စည်းထားမှုအခြေအနေ၊ ဆုရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်:စည်းကမ်းများ၊ ဆုရစာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စာအုပ်အမျိုးအစား ခွဲခြားထားရှိမှု၊ ကလေးစာပေဆုအတွက် ပိုမိုပီပြင်ခေတ်မီသော ဆုစည်းကမ်းများ ပြောင်းလဲသတ်မှတ်ရေး၊ ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲဝင်စာအုပ်များ ပြည့်စုံစွာ လက်ခံရရှိမှု အခြေအနေနှင့် ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများ စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂ဝ ပြည့် နှစ် မတ် (၄)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂-၆(၃)/ ၂၀၂ဝ ဖြင့် ကော်မတီ ဥက္ကဋ္ဌအဖြစ် စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)တို့ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၅၄) ဦးတို့ဖြင့် ဖွဲ့စည်းထားရှိပြီး၊ ဘာသာရပ်အလိုက် အဖွဲ့ငယ်များ ထပ်မံ ဖွဲ့စည်းကာ အမျိုးသားစာပေ စိစစ်ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။