၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ကြီး ၁/၂၀၂၀ အစည်းအဝေးကို ၂၁-၂-၂၀၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း) က အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် စာပေဗိမာန်စာမူဆုရ စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက စာပေဗိမာန်စာမူဆုချီးမြှင့်ရေးအတွက် မူဝါဒ ဖြေလျှော့မှုများ၊ ဆုအမျိုးအစားပြင်ဆင်တိုးချဲ့ရေး၊ ဆုရွေးချယ်မည့်စနစ်နှင့် ဆုကြေးငွေပြင်ဆင် တိုးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို ဆွေးနွေးကြသည်။
ယင်းနောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုအဖွဲ့က စာမူဆုများ လက်ခံရရှိသည့်အခြေအနေကို ရှင်းလင်းပြောကြားပြီး စာပေဗိမာန်စာမူဆုရ စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
စာပေဗိမာန်စာမူဆုတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ သုတပဒေသာ (ဝိဇ္ဇာ၊ သိပ္ပံ)၊ စာပဒေသာ၊ ယဉ်ကျေးမှု၊ ကလေး၊ လူငယ်၊ နိုင်ငံရေး၊ ပြဇာတ်၊ အင်္ဂလိပ်၊ ဘာသာပြန်စာမူများကို အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး ဘာသာရပ်အလိုက် ဆုရစာမူများကို စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်များ အဖြစ် ထုတ်ဝေဖြန့်ချိလျက်ရှိကြောင်း သိရသည်။