မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၅-၁၀-၂၀၁၉ ရက် နံနက် ၉ : ၀၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုပုံနှိပ်စက်ရုံ၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာပေအနုပညာရှင်များ၊ ပွဲတော်ကျင်းပရေးကော်မတီဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများက မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ကို ဗဟိုပုံနှိပ်စက်ရုံရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာပေ အနုပညာရှင်များ၊ ပွဲတော်ကျင်းပရေးကော်မတီဝင်များ၊ စာပေဝါသနာရှင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ "မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်" အတွက် စာပေအနုပညာရှင်များနှင့် စာဖတ်ပရိသတ်တို့အား အမှတ်တရစကားပြောကြားထားသည့် ဗွီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသသည်။ ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမှာစကား ပြောကြားသည်။
ထို့နောက် မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က အမှာစကားပြောကြားပြီး မိုးမိုး (အင်းလျား) မိသားစုကိုယ်စား မိသားစုဝင် ဦးဇော်မျိုးညွန့်က အမှတ်တရကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မိုးမိုး (အင်းလျား) အမှတ်တရ စကားဝိုင်းများ၊ ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ကဗျာရွတ်ဆိုပွဲများ ကျင်းပခဲ့ကြောင်းသိရသည်။
မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ကို (၂၅-၁၀-၂၀၁၉ မှ ၂၇-၁၀-၂၀၁၉) ရက်ထိ သုံးရက်တိုင် နေ့စဉ်နံနက် ၉ : ၀၀ နာရီမှ ညနေ ၆ : ၀၀ နာရီထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတော်အတွင်း ဟောပြောပွဲ၊ စကားဝိုင်းများအပြင် စာအုပ်ရောင်းချခြင်း၊ ခဲစာလုံးပုံနှိပ်ခေတ် စာစီလုပ်ငန်း ပြခန်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းချပွဲများ၊ ပန်းချီကား ပြပွဲများ၊ ပုံတူရုပ်ပြောင်ရေးဆွဲခြင်းများ စသည့် စာပေအနုပညာ ကဏ္ဍအသီးသီးမှ ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။