၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကဗျာပေါင်းချုပ် ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကဗျာပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဒေါက်တာအောင်ကြီး၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က တက်ရောက်ခဲ့ကြပြီး ဦးမြဝင်း (မြဝင်း-ဒဿန) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ကဗျာပေါင်းချုပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။