၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရည်ညွှန်းစာပေ ဘာသာရပ်အတွက် အတည်ပြုအဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ရည်ညွှန်းစာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးသိန်းလှိုင်၊ ဒေါက်တာသန်းထွဋ် (လင်း၊ ဆေး-၁)၊ ဒေါ်ခင်နှင်းဦး၊ ဒေါ်အဝင်း၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး စည်သူဒေါက်တာသော်ကောင်း က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ရည်ညွှန်းစာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို အတည်ပြု အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။