၂ဝ၁၇ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သုတပဒေသာ (သိပ္ပံ) အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
သုတပဒေသာ (သိပ္ပံ) အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးကျော်ဦး (ကျော်ဦး)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဦးမျိုးအောင် (မျိုးအောင်-ရုက္ခဗေဒ) တို့ တက်ရောက်ခဲ့ကြပြီး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် သုတပဒေသာ (သိပ္ပံ) စာမူများ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။