၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရသစာတမ်းစာပေ ဘာသာရပ်အတွက် ပဏာမ အဆင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ရသစာတမ်းစာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဦးလှကြည် (ကြည်နိုင်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဦးမြဝင်း (မြဝင်း-ဒဿန) တို့ တက်ရောက်ခဲ့ကြပြီး ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ရသစာတမ်းစာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမ အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများ နှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။