၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ပဏာမအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ စာပဒေသာ ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ စာပဒေသာ ဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် စည်သူဒေါက်တာသော်ကောင်း၊ ဒေါက်တာတိုးလှ၊ ဦးစိုးညွန့်(ရာပြည့်)၊ ဦးဇော်လင်း (လင်းအေး)၊ ဒေါ်နန်းအိအိဇာ၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်) တို့ တက်ရောက်ကြပြီး ဒေါ်တင်ဝင်းရည်၊ ဦးမြဝင်း (မြဝင်း-ဒဿန)တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော စာပဒေသာ ဘာသာရပ် ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်