၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ၈-၁၂-၂၀၁၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဆုရွေးချယ်ရေးကော်မတီဝင်များ၊ စာပေပညာရှင်များ၊ စာပေဆုရ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ဆုပေးပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတက မိန့်ခွန်း မြွက်ကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဦးမြင့်လွင် (ဖိုးကျော့) နှင့် ဆရာကြီး ဦးထွန်းရီ (ရှေးဟောင်းသုတေသီ) တို့အား ဒုတိယသမ္မတ ဦးမြင့်ဆွေမှလည်းကောင်း၊ အမျိုးသားစာပေဆုများအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့မှလည်းကောင်း၊ စာပေဗိမာန်စာမူဆု ရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်တို့မှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ၂ ဦး၊ အမျိုးသားစာပေဆု ၁၁ ဦး၊ စာပေဗိမာန်စာမူဆု ၂၅ ဦးချီးမြှင့်နိုင်ခဲ့ပါသည်။ ဆုရရှိသူများကိုယ်စား အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီးဦးထွန်းရီ (ရှေးဟောင်းသုတေသီ) က ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ပါသည်။
ထို့နောက် ဆုချီးမြှင့်ပေးခဲ့သော အကြီးအကဲများနှင့် ဆုရသူများ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။