ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာပေဗိမာန်က နှစ်စဉ်ထုတ်ဝေ ဖြန့်ချိလျက်ရှိသော မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ကို စတင်ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်သည်။
ယခုထုတ်ဝေဖြန့်ချိသည့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်တွင် ၂၀၁၇ ခုနှစ် အတွင်း ကမ္ဘာနှင့် မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားထင်ရှားသည့် အကြောင်းအရာများကို စွယ်စုံနှစ်ချုပ်၏ မူအတိုင်း သုံးပိုင်းခွဲခြားကာ စီစဉ်တင်ပြထားသည်။
အပိုင်း (၁) တွင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာနှင့် နိုင်ငံတကာမှ ထင်ရှားသည့် ဖြစ်ရပ်အချို့ကို သတင်းမှတ်တမ်းများအဖြစ် ရေးသားပြုစုဖော်ပြထားခြင်း ဖြစ်ပါသည်။
အပိုင်း (၂) တွင် နှစ် (၇၀) ပြည့်စာပေဗိမာန်၊ မြန်မာ့ရိုးရာကျေးလက်သိပ္ပံပညာ၊ မြန်မာ့ရှေးဟောင်း ဆည်ကြီးများ ရာသီတုတ်ကွေးရောဂါ၊ အာဆီယံနှစ် ၅၀ ခရီး၊ နိုင်ငံတကာ အကြမ်းဖက်မှု ဘေးအန္တရာယ်များအကြောင်းအရာများကို အထူးဆောင်းပါးကြီးများအဖြစ် သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်ပညာရှင်များ ပြုစုရေးသားထားသည့် ဆောင်းပါးများ ပါဝင်သည်။
အပိုင်း (၃) တွင် ပြည်တွင်းပြည်ပမှ ကွယ်လွန်သူထင်ရှားသော ပုဂ္ဂိုလ်များ၊ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ထင်ရှားသည့်ဖြစ်ရပ်အချို့ကို အက္ခရာစဉ်အတိုင်း သတင်းမှတ်တမ်းများအဖြစ် ရေးသားပြုစုထားပြီး ၂၀၁၇ ခုနှစ်အတွင်း မှတ်တမ်းပြုဖော်ပြအပ် သည့် အကြောင်းအရာများ၊ ထူးခြားထင်ရှားဖြစ်ရပ်များကို ဖတ်၊မှတ်၊စု လိုသူများ၏ စာအုပ်စင် တိုင်းတွင် ထားရှိအပ်သော စာအုပ်အဖြစ် စွယ်စုံနှစ်ချုပ်၏ အစဉ်အလာအတိုင်း ကတ်ထူဖုံး၊ ခန့်ချုပ် Art paper မှတ်တမ်းဓာတ်ပုံများ အပါအဝင် စာမျက်နှာ ၃၄၇ မျက်နှာ ငွေကျပ် ၄၀၀၀ ဖြင့် ထုတ်ဝေဖြန့် ချိလိုက်ပြီ ဖြစ်သည်။
အဆိုပါ စာအုပ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးရှိ စာပေဗိမာန်စာအုပ်ဆိုင်များ၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်ကြီးများထံတွင်လည်း ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းရရှိပါသည်။