ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာပေဗိမာန်က နှစ်စဉ်ထုတ်ဝေ ဖြန့်ချိလျက်ရှိသော မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ကို စတင်ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်သည်။
ယခုထုတ်ဝေဖြန့်ချိသည့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်တွင် ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ထူးခြားထင်ရှားသည့် အကြောင်းအရာများကို စွယ်စုံနှစ်ချုပ်၏ မူအတိုင်း သုံးပိုင်းခွဲခြားကာ စီစဉ်တင်ပြထားသည်။
အပိုင်း (၁) တွင် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာနှင့် နိုင်ငံတကာမှ ထင်ရှားသည့် ဖြစ်ရပ်အချို့ကို သတင်းမှတ်တမ်းများအဖြစ် ရေးသားပြုစု ဖော်ပြထားခြင်း ဖြစ်ပါသည်။
အပိုင်း (၂) တွင် ကမ္ဘာကို ခြိမ်းခြောက်လာသည့် ဇီကာဗိုင်းရပ်စ်အန္တရာယ်၊ ကမ္ဘာနှင့် မြန်မာ့ ဓာတ်လုံး ဓာတ်ပြား ဓာတ်စက်သမိုင်း၊ စည်းလုံးမှု၏ သမိုင်းမှတ်တမ်း၊ စိန်ရတုသက်တမ်းသို့ ရောက်ပြီဖြစ်သော ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ နိုင်ငံတကာဒီမိုကရေစီအသွင် ကူးပြောင်းမှု များနှင့် ကမ္ဘာ့နိုင်ငံရေး၊ နှစ်(၇၀)ပြည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နှစ်(၁၂၀)ပြည့် မန္တလေးမြို့ မလွန်စျေး ဆန်လှူအသင်းကြီး၊ ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ ပြန်လည်နိုးကြားလာသော မြန်မာနိုင်ငံကင်းထောက်အဖွဲ့များစသည့် အကြောင်းအရာများကို အထူးဆောင်းပါးကြီးများအဖြစ် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်ပညာရှင်များ ပြုစုရေးသားထားသည့် ဆောင်းပါး များ ပါဝင်သည်။
အပိုင်း (၃) တွင် ပြည်တွင်းပြည်ပမှ ကွယ်လွန်သူထင်ရှားသော ပုဂ္ဂိုလ်များ၊ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ထင်ရှားသည့်ဖြစ်ရပ်အချို့ကို အက္ခရာစဉ်အတိုင်း သတင်းမှတ်တမ်းများအဖြစ် ရေးသားပြုစုထားပြီး ၂၀၁၆ ခုနှစ်အတွင်း မှတ်တမ်းပြုဖော်ပြအပ် သည့် အကြောင်းအရာများ၊ ထူးခြားထင်ရှားဖြစ်ရပ်များကို ဖတ်၊မှတ်၊စု လိုသူများ၏ စာအုပ်စင် တိုင်းတွင် ထားရှိအပ်သော စာအုပ်အဖြစ် စွယ်စုံနှစ်ချုပ်၏ အစဉ်အလာအတိုင်း ကတ်ထူဖုံး၊ ခန့် ချုပ် Art paper မှတ်တမ်းဓာတ်ပုံများအပါအဝင် စာမျက်နှာ ၄၁၅ မျက်နှာ ငွေကျပ် ၄၅၀၀ ဖြင့် ထုတ်ဝေဖြန့် ချိလိုက်ပြီ ဖြစ်သည်။
အဆိုပါ စာအုပ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးရှိ စာပေဗိမာန်စာအုပ်ဆိုင်များ၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်ကြီးများထံတွင်လည်း ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းရရှိပါသည်။