ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၉) ၌ မိဘကို လုပ်ကျွေးပြုစုပါက လူအများ၏ချစ်ခင်ခြင်း ခံရပုံနှင့် ကောင်းကျိုးချမ်းသာ ရရှိနိုင်ပုံကို ကလေးများ အတုယူနိုင်စေရန် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ သူတစ်ပါးကို မကောင်းကြံပါက မိမိတွင်သာ ဘေးရန်ထိတတ်ပုံကို ကလေးများ သိရှိနိုင်စေရန်နှင့် သတ္တိရှိခြင်းနှင့် မိုက်ရူးရဲဆန်ခြင်းကို သတိပြုဆင်ခြင်တတ်စေရန် ပညာပေးထားသော ကာတွန်း ဇာတ်လမ်းများလည်း ပါ၀င်ပါသည်။
ထို့အပြင် လောကီလောကုတ္တရာနှစ်ဖြာတွင် အောင်မြင်မှုရရန် ကျင့်ကြံသွားရမည့် ဘာ၀နာတရား လေးပါးကို ကလေးများ ဗဟုသုတရရှိနိုင်စေရန် မြန်မာစာစကားဝိုင်းကဏ္ဍတွင်လည်းကောင်း၊ တိရစ္ဆာန်ပင်ဖြစ်သော်လည်း ကျေးဇူးသိတတ်သော မြေခွေးလေးအကြောင်းကို ပမာပြု၍ တစ်ဦးကျေးဇူးတစ်ဦး သိတတ်စေရန် ကလေးပုံပြင်ကဏ္ဍတွင်လည်းကောင်း တင်ဆက်ထားပါ သည်။ ယခုတစ်ပတ်တွင် ဒီဇင်ဘာလအတွင်း မှတ်သားဖွယ်ရာ နေ့ရက်များအကြောင်းကို ကလေးတို့ ဖတ်မှတ်နိုင်မည်ဖြစ်ပြီး ဆေးရောင်ခြယ်နိုင်မည့် ကဏ္ဍသစ်ကိုလည်း ထူးထူးခြားခြား ထည့်သွင်းဖော်ပြထားပါသည်။
ကလေးများ အင်္ဂလိပ်စာဝေါဟာရတိုးပွားစေရန် မိသားစုဆွေမျိုးအခေါ်အဝေါ်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တင်ဆက်ပေးထားပါသည်။ ရွှေသွေးအင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် မသေချာ မရေရာသော ကိစ္စရပ်များကို ပြောဆိုရာ၌ သုံးနှုန်းပုံအမျိုးမျိုးကို တင်ဆက်ထားပြီး အခြေခံအင်္ဂလိပ်သဒ္ဒါအနေဖြင့် 'just' ၏ အသုံးတွင်ကျယ်ပုံကို ရှင်းလင်းချက်ဥပမာများ၊ လေ့ကျင့်ခန်းများဖြင့် ဖော်ပြထားရာ ကလေးတို့၏ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာ စေမည် ဖြစ်ပါသည်။
(၃-၁၂-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။