ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလ ၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၄) ၌ မူးယစ်ဆေးဝါးပညာပေး မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါးအပေါ် ကူညီတတ်သည့် စိတ်စေတနာကို အတုယူဖွယ် ဖော်ကျူးထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ အသိဉာဏ်သာလွန်သူ၏ အောင်နိုင်မှုသာဓကကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ကျောက်ခေတ်ကမ္ဘာ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထား ပါသည်။
ရွှေသွေးသုတကဏ္ဍတွင် လက်သန့်ရှင်းရေး၏ အရေးကြီးပုံကို သုတဖြစ်ဖွယ် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် အပျော်များပါက အပျက်ဖြစ်တတ်ပုံကို ပညာပေးတင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် နို၀င်ဘာလအတွင်း ထူးခြားထင်ရှားနေ့ရက်များအကြောင်းကို ဖတ်ရှုကြရမည် ဖြစ်ပြီး ကလေးတို့ စိတ်ကြိုက် ဆေးရောင်ခြယ်သနိုင်မည့် 'ဆေးရောင်လှလှခြယ်ကြရအောင်' ကဏ္ဍလည်း ပါ၀င်ပါသည်။
ရွှေသွေးအင်္ဂလိပ်စာဝေါဟာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် ကလေးဘ၀က အမှတ်တရ အကြောင်းကို ပြောဆိုရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံ အတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် ' Past continuous tense and Simple past tense' ခေါင်းစဉ်ဖြင့် အခန်းဆက် လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။