ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလ ၁၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၄၅) ၌ ကလေးများ မိဘတို့၏ ဆုံးမစကားကို နာခံ၍ လိုက်နာသင့်ပုံကို ရေးဖွဲ့ထားသည့် မျက်နှာဖုံးဇာတ်လမ်းပါ၀င်ပါသည်။ ထို့ပြင် သူတစ်ပါးကို ကူညီပေးပါက မိမိတွင် လည်း အကျိုးရှိပုံ နှစ်မျက်နှာဇာတ်လမ်း၊ မိမိအနေဖြင့် လုပ်ကိုင်ရမည့် အလုပ်များကို ဝီရိယရှိရှိဖြင့် ကြိုးစား လုပ်ကိုင်ပါက ၎င်းဝီရိယအကျိုးကို ခံစားရပုံ နှစ်မျက်နှာ ဇာတ်လမ်းနှင့် ပုပုတို့မြေးအဘွား တစ်မျက်နှာဟာသဇာတ်လမ်းတို့ကိုလည်း တင်ဆက်ထား ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''တန်ဆောင်တိုင်နှင့် မဲဇလီဖူးသုပ်'' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ကလေးပုံပြင်ကဏ္ဍတွင် မိမိတို့၏ နေထိုင်ရာပတ်၀န်းကျင်ကို တန်ဖိုးထားတတ်စေရန် ရေးဖွဲ့ထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် လိုက်နာကျင့်သုံးအပ်သည့် ''ပြည်သူ့နီတိ၊ လောကနီတိ'' တို့ကို တင်ဆက်ထားသည့်အပြင် ကလေးများအတွက် အစက်ကလေးများကို ရုပ်ပုံလေး ဖြစ်အောင် ဆက်ဆွဲနိုင်မည့် "dot to dot" ကဏ္ဍကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်၀လာစေရန် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် တင်ဆက်ထားပါသည်။ ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် 'Useful Expressions' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအမျိုးမျိုးကိုလည်းကောင်း၊ ရွှေသွေး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Up' ၏ သဒ္ဒါဆိုင်ရာ အသုံးပြုပုံအမျိုးမျိုးကိုလည်းကောင်း တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါ သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။