ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၅)၌ မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် သင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဆင်နွှဲတတ်ရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “ရွှေပိုးနှင့် သင်္ကြန်” မျက်နှာဖုံးကာတွန်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း ဖတ်ရှုရမည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ခွေးကို သင်္ကြန်ရေပက်ရာက ခွေးလိုက်ခံရသော ဖြိုးရဲအကြောင်း ရေးဖွဲ့ထားသည့် “ဖြိုးရဲ- သင်္ကြန်ကျလို့ ရေပက်တယ် ဘာဖြစ်သလဲကွယ်” နှစ်မျက်နှာကာတွန်း၊ ပေးထားသောကတိကို မတည်သောကြောင့် တည်းခိုရာမဲ့ ဖြစ်သွားပြီး ငယ်ရွယ်နုပျိုရာက အဘိုးအိုအသွင်သို့ပါ ပြောင်းလဲသွားသော လုလင်ပျိုအကြောင်း ရေးဖွဲ့ထားသည့် “ကတိမတည်သူ” နှစ်မျက်နှာကာတွန်း၊ ငါးနှင့် ခြောက် ပေါင်းလျှင် ငါးခြောက်ရသည်ဆိုသော လင်းသစ်အကြောင်း သရုပ်ဖော်ထားသည့် “လင်းသစ်” တစ်မျက်နှာဟာသကာတွန်းနှင့် ခြံထဲတွင် ရေကူးကန်တူးပေးလျှင် ပြောစရာမလိုဘဲ ကိုယ့်ဘာသာကိုယ် ရေချိုးမည့်အကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ရှေးခေတ်ကမ္ဘာ့အံ့ဖွယ် မြို့ကြီးနှစ်မြို့အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် နမော်နမဲ့နိုင်သော လူသားတို့၏ မဆင်မခြင် ပစ်စလက်ခတ် ဆောင်ရွက်သော ဘေးကြီးကို ခံစားနေရသော ရေသတ္တဝါများအကြောင်း ရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍတွင် အစားစားရာတွင် ဘေးမဖြစ်စေရန် ကျန်းမာရေးနှင့် ညီညွတ်အောင် သတိထား ဆင်ခြင်စားရ မည်ဖြစ်ကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် မြန်မာတို့၏ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးသင်္ကြန်ပွဲတော် အခါသမယတွင် ပြုလုပ်ကြသော ဓလေ့ထုံးစံများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မြစိုးသန်း (ကျုံတမာ) ၏ “အတာကူးသည့်လ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာတွင် အတွေ့အများဆုံး၊ အသုံးအများဆုံးဖြစ်သော အီဒီယမ်များ၏ အသုံးကို အပြန်အလှန်စကားပြောဆိုပုံဖြင့် တင်ဆက်ထားသည့် သင်ခန်းစာသစ်ကို ကလေးတို့ လေ့လာ မှတ်သားနိုင်မည်ဖြစ်ပါသည်။