ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂၅) ၌ 'ကံ၊ ဉာဏ်၊ ဝီရိယ' သုံးခုစလုံးဖြင့် ညီညွတ်မျှတစွာ ကြိုးစားလျှင် အရာအားလုံးကို ကျော်လွှားနိုင်သည့်အကြောင်း မျက်နှာဖုံးဇာတ်လမ်း ဖြင့် တင်ပြထားပါသည်။ စကားထာဝှက်တမ်းကစားခြင်းကို ဟာသသဘောရေးသားထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် သိပ်ရင်းနှီးသော သူငယ်ချင်း ပူးပုံ အကူအညီပေးပုံ နှစ်မျက်နှာဇာတ်လမ်းတို့ကိုလည်း ကလေးများ အကြိုက်တွေ့မည်ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် မိုးရွာသောနေ့လေးအကြောင်း စာစီစာကုံးရေးဖွဲ့ပုံကို ဝိုင်းဖွဲ့ပြောဆို ပုံဖြင့် တင်ဆက်ထားပြီး နယ်ကျွံလာသော သိမ်းငှက် ကလေး၏ လိမ္မာပါးနပ်မှုကြောင့် ရန်မီးငြိမ်း ကာ မိတ်ဆွေအပေါင်း အသင်းဖြစ်သွားကြသည့် အတုယူဖွယ်ရာ ပုံပြင်ဇာတ်လမ်းလေးကိုလည်း ဖတ်ရှုရ မည်ဖြစ်ပါသည်။ ထို့အပြင် ကလေးများပျော်ရွှင်ဖွယ်စက္ကူခေါက်ကစားနည်းလည်း ပါရှိပြီး ရုပ်ပုံကားချပ်နှစ်ခုထဲမှ မတူညီသော အချက်ကလေးများကို ရှာဖွေ၍ ကလေးများ၏ ဉာဏ်ထက်မြက်မှုကိုလည်း ပြသနိုင်မည်ဖြစ်ပါသည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် မီးဖိုချောင်သုံးပစ္စည်းအချို့ကို အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ထို့အပြင် အင်္ဂလိပ် စကားဝိုင်းကဏ္ဍ၌ 'Giving advice and asking someone to hurry' ခေါင်းစဉ်ဖြင့် အကြံပြု ပြောဆိုပုံ၊ မြန်မြန်ဆန်ဆန်လုပ်ရန် ပြောဆိုပုံနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Should' ၏ သုံးနှုန်းပုံအမျိုးမျိုးကို ဖော်ပြထားရာ ကလေးများ အင်္ဂလိပ်စာဗဟုသုတ တိုးပွားမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။