ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ၊ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၇) ၌ တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခသည့်ညအဖြစ် သတ်မှတ်ခဲ့ပုံနှင့် ထိုညတွင် တလွဲဆံပင်ကောင်းပြီး အကျိုးမဲ့အောင်ပြုလုပ်မည့်သူများ၏ ဇာတ်ကြောင်းလေးကို မျက်နှာဖုံးဇာတ်လမ်းဖြင့် ပညာပေးတင်ဆက်ထားပါသည်။ ထို့အပြင် မစူးစမ်းမဆင်ခြင်ဘဲ ပြုမူလျှင် ရရှိလာမည့်ဆိုးကျိုးများကို ကလေးများရှောင်ကြဉ်နိုင်ရန် ပြဆိုထားသည့် နှစ်မျက်နှာ ဇာတ်လမ်းနှင့် မိမိကိုင်တွယ်သုံးစွဲရသော ပစ္စည်းများကို နေရာတကျထားတတ်သည့် အကျင့်ကိုမွေးမြူရန် ပညာပေးထားသည့် တစ်မျက်နှာဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ဝီရိယနှင့် ကြိုးစားလုပ်ကိုင်ပါက အောင်မြင်မှု ရရှိနိုင်ပုံနှင့် ကြီးနိုင်ငယ်ညှဉ်းလုပ်လိုစိတ်ရှိသူများသည် အကြင်နာနှလုံးသားရှိသူတို့အား အရှုံးပေးတတ်ကြရပုံ ကို ကလေးပုံပြင်ကဏ္ဍ၌ တင်ဆက်ထားပါသည်။ ကလေးများလိုက်နာကျင့်သုံးနိုင်ရန် ပြည်သူ့နီတိ ကဏ္ဍသစ်ကို တင်ဆက်ထားပြီး ရုပ်ပုံလေးများကို လွယ်ကူစွာရေးဆွဲနိုင်သည့် ''DOT TO DOT'' ပုံဆွဲခြင်းကဏ္ဍသစ်ကိုလည်း ထည့်သွင်းထားပါသည်။
ထို့အပြင် ကလေးများ အင်္ဂလိပ်စာကို လေ့လာနိုင်စေရန် ရွှေသွေးစကားဝိုင်း၌ ''တစ်စုံ တစ်ခုသည် ဆွဲဆောင်မှုရှိပြီး စိတ်၀င်စားစရာကောင်းတယ်၊ မကောင်းဘူး၊ ကြိုက်တယ်၊ မကြိုက်ဘူး'' စသည်တို့နှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံကို တင်ဆက်ထားပြီး အင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် ''if'' ဟူသော ဝါကျဆက်စကားလုံး၏ သုံးနှုန်းပုံအမျိုးမျိုးကိုလည်း လေ့လာဖတ်ရှု နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ကလေးများသိရှိမှတ်သားနိုင်ရန် အရပ်ရှစ်မျက်နှာကို အင်္ဂလိပ်-မြန်မာအခေါ်အဝေါ် နှစ်မျိုးစလုံးဖြင့် ဝေဝေဆာဆာတင်ဆက်ထားသဖြင့် ကလေးများ အကြိုက်တွေ့မှာ အမှန်ပင် ဖြစ်ပါသည်။
(၁၉-၁၁-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။