၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ ဝတ္ထုရှည် ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဝတ္ထုရှည် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတင့်ခိုင် (တင့်ခိုင်)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁) တို့နှင့် Virtual Meeting ပြုလုပ်ခဲ့သည်။ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဝတ္ထုရှည် ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် ရွေးချယ်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။