၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ ကလေးစာပေ ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၅ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကလေးစာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးဇော်အောင်ထွတ်၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးမြင့်အောင် (ဖိုးအောင်လေး)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ကလေးစာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။