ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက် ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲကို (၁၇-၈-၂၀၂၀) နေ့က စတင်ကျင်းပခဲ့ပြီး ယနေ့ (၂၄-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် ဒုတိယနေ့အဖြစ် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဟောပြောဆွေးနွေးမည့် ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) စာတည်းမှူးချုပ် (ငြိမ်း) နှင့် ဆရာဦးခင်မောင်လေး [စာတည်း (တာဝန်ခံ-ငြိမ်း)] ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံး၊ ဒေါ်တင်တင်ဝင်း စာတည်းမှူးချုပ် (တာဝန်)၊ စာတည်းမှူးများ၊ စာတည်းဌာနမှ အရာထမ်း အမှုထမ်းများ၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများ တက်ရောက်သည်။
ဟောပြောပွဲတွင် စာတည်းမှူးဒေါ်ခင်ဝါဆွေက ဟောပြောမည့် ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) စာတည်းမှူးချုပ် (ငြိမ်း) နှင့် ဆရာဦးခင်မောင်လေး [စာတည်း (တာဝန်ခံ-ငြိမ်း)] တို့၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်တင်ပြပြီး ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) စာတည်းမှူးချုပ် (ငြိမ်း) က မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာဦးခင်မောင်လေး [စာတည်း (တာဝန်ခံ-ငြိမ်း)] ရွှေသွေးစာစောင်တွင် ပုံပြင်ဇာတ်လမ်း များ ဘာသာပြန်ဆိုခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးသည်။
အဆိုပါဆွေးနွေးဟောပြောပွဲအပြီးတွင် စာတည်းမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ဂုဏ်ပြုပြီး စာတည်းမှူးချုပ် (တာဝန်) ဒေါ်တင်တင်ဝင်းက ကျေးဇူးတင်စကားပြောကြားကာ ဟောပြောဆွေးနွေးပွဲကို မွန်းလွဲ ၃ : ၃၀ တွင် ရုတ်သိမ်းလိုက်သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲကို စာပေဗိမာန်စာတည်းဌာနနှင့် စာကြည့်တိုက်ဌာနမှ အရာထမ်း အမှုထမ်းများ ဉာဏစွမ်းရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမကြီး ၁၀ ဦးတို့က ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။