မြန်မာစာပေဖွံ့ဖြိုးရေးနှင့် အများပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များ ထုတ်ဝေရေးကို ဆောင်ရွက်လျက်ရှိသည့် စာပေဗိမာန်ကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် တည်ထောင်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် (၇၃) နှစ် ပြည့်မြောက်မည် ဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် (၇၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာပေစကားဝိုင်းနှစ်ခု ကျင်းပမည်ဖြစ်ရာ ဩဂုတ်လ ၂၁ ရက် (သောကြာနေ့) တွင် "ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာပေစကားဝိုင်း" နှင့် ဩဂုတ်လ ၂၈ ရက် (သောကြာနေ့) တွင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းနှင့်ပူးတွဲ၍ "ဆရာတိုက်စိုး (၁၉၂၀-၂၀၀၃) ရာပြည့်အထိမ်းအမှတ် စာပေစကားဝိုင်း" များကို စာပေဗိမာန်ခန်းမ၌ နံနက် ၁၁ : ၀၀ တွင်ကျင်းပမည် ဖြစ်သည်။
"ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာပေစကားဝိုင်း" တွင် ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာမောင်ရင့်မာ (ကျောင်းကုန်း)၊ ဆရာမရှင်ညိမ်းမယ်နှင့် ဆရာမပန်းရိပ်ဖြူတို့ ပါဝင်ဆွေးနွေးကြ မည်ဖြစ်ပြီး "ဆရာတိုက်စိုး (၁၉၂၀-၂၀၀၃) ရာပြည့်အထိမ်းအမှတ် စာပေစကားဝိုင်း" တွင် ဆရာ စည်သူဒေါက်တာသော်ကောင်း၊ ဆရာအံ့မောင်၊ ဆရာမော်လင်း၊ ဆရာမောင်ဇေယျာ၊ ဆရာ ဒေါက်တာသန်းဝင်းတို့ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။
ယင်းစာပေစကားဝိုင်းများကို Myanmar Digital News Facebook Page မှ တိုက်ရိုက်ထုတ်လွှင့် မည်ဖြစ်ပြီး စာပေဗိမာန် Facebook Page sarpaybeikman.pol@gmail.com တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလည်း ထုတ်လွှင့် တင်ဆက်မည် ဖြစ်ပါ၍ စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များ ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။