၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဇွန်လ ၉ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဒေါက်တာကျော်ဝင်း၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးရဲထွဋ် (သန်လျင်-မောင်ဝင်းဝါ)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။