၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)နှင့် ဒေါက်တာမြင့်သန်း (ညောင်လေးပင်) တို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာဘာသာရပ်အလိုက် ပေးပို့လာသည့် စာအုပ်များကို စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြ ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက် ရှိကြောင်း သိရသည်။