၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ လူငယ်စာပေ ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက် မွန်းလွဲ ၂ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ လူငယ်စာပေ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးလှကြည် (ကြည်နိုင်)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးဇော်အောင်ထွတ်၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး နယ်မှ ဦးမြင့်အောင် (ဖိုးအောင်လေး) နှင့် Virtual Meeting ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော လူငယ်စာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် ရွေးချယ်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။