၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာပြန် (သုတ/ရသ) ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဘာသာပြန် (သုတ/ရသ) စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးကျော်နိုင် (ထက်မြက်)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး နယ်မှ ဒေါက်တာအောင်ကြီး၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်) တို့နှင့် Virtual Meeting ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဘာသာပြန် (သုတ/ရသ) ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် ရွေးချယ်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။