ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်နှင့် မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းတို့မှ ကြီးမှူးကျင်းပသော မြန်မာစာပေနှင့် မြန်မာဘာသာစကား အနီးမြင် အဝေးမြင် ဟောပြော ဆွေးနွေးပွဲကို (၉-၂-၂၀၁၉) ရက် မွန်းလွဲ ၁ : ၀၀ နာရီအချိန်က ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း နာယက၊ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်များ၊ ဟောပြာဆွေးနွေးမည့် စာပေပညာရှင်များ မြန်မာစာပေ မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲကို အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပပြီး ပထမဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဆရာဦးမော်လင်းနှင့် မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း နာယက ဆရာဦးမြဝင်း (မြဝင်း-ဒဿန) တို့က ဟောပြောဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ဆက်လက်၍ အစီအစဉ်အရ ဆရာဒေါက်တာကိုလေး၊ ဒေါက်တာသိန်းထွန်း၊ ဦးစောထွန်း (စောလူ) တို့က မြန်မာစာပေနှင့် မြန်မာဘာသာစကား အနီးမြင် အဝေးမြင်ဆိုင်ရာများ ဟောပြောကြသည်။ ထို့နောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ဆရာကြီးများက ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ဟောပြောဆွေးနွေးသည့် ပညာရှင်များကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က မေတ္တာလက်ဆောင်များ ပေးအပ်ပြီး မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း နာယက ဆရာဦးမြဝင်း (မြဝင်း-ဒဿန) က ဟောပြောဆွေးနွေးသည့် ဆရာကြီးများအား မေတ္တာလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် အစီအစဉ်အရ ဟောပြောဆွေးနွေးကြသည့် ဆရာကြီးများနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပညာ ပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ အခမ်းအနားကို ညနေ ၄ : ၂၀ တွင် ရုပ်သိမ်းလိုက်ကြောင်းသိရသည်။