၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသူများနှင့် စာပေစကားဝိုင်း အပိုင်း (၂) ကို ၂၃-၁-၂၀၁၉ ရက်က ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၌ ကျင်းပခဲ့ပါသည်။
အဆိုပါစာပေစကားဝိုင်းတွင် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုရ စာရေးဆရာကြီးများ ဖြစ်ကြသည့် ဒေါက်တာခင်လက်ျာ၊ ဆရာမောင်ရင့်မာ (ကျောင်းကုန်း)၊ ဆရာတင်ညွန့် နှင့် ဆရာလင်းထက်ဆွေတို့က စာပေရေးရာများကို ဆွေးနွေးကြသည်။
စာပေစကားဝိုင်းတွင် ဒေါက်တာခင်လက်ျာက သူမရေးသားသည့် ''Burma's Fate'' စာအုပ်နှင့် ပတ်သက်သည့် အကြောင်းကိုလည်းကောင်း၊ ဆရာမောင်ရင့်မာ (ကျောင်းကုန်း) က ၎င်းရေးသားသည့် ''နွေနှောင်းတစ်ည၌ လရောင်နှင့် လေညင်းကိုတွေ့ရှိခြင်း'' စာအုပ်နှင့် ပတ်သက်သည့် အကြောင်းကိုလည်းကောင်း၊ ဆရာတင်ညွန့်က ၎င်းရေးသားသည့် ''ကျောင်းဆရာမှတ်တမ်း'' စာအုပ်နှင့် ပတ်သက်သည့် အကြောင်းကိုလည်းကောင်း၊ ဆရာလင်းထက်ဆွေက ၎င်းရေးသား သည့် ''ဟိမ၀န္တာခရီးသည်၏ ဆေးဘုရားရှာပုံတော်'' အကြောင်းကိုလည်းကောင်း ဆွေးနွေးကြသည်။
၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုရ စာရေးဆရာကြီးများနှင့် စာပေစကားဝိုင်း အပိုင်း (၁) ကို ၂၁-၁၂-၂၀၁၈ ရက်တွင် ကျင်းပခဲ့ပြီး ဆရာတင့်ဇော်၊ ဆရာမ မနီတာ၊ ဆရာမောင်မောင်စိုး၊ ဆရာဆင်ဖြူကျွန်းသန်းထွန်းတို့က ဆုရစာအုပ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာပေစကားဝိုင်းသို့ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၂ : ၀၀ နာရီတွင် ရုပ်သိမ်းကြောင်း သိရသည်။
ယင်းစာပေစကားဝိုင်း အပိုင်း (၁) နှင့် အပိုင်း (၂) ကို မကြာမီအချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။