ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ကထုတ်ဝေသည့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်၊ ၀တ္ထုရှည်အတွဲ (၁၊၂၊၃) ထုတ်ဝေခြင်းမိတ်ဆက်အခမ်းအနားကို ၃-၁၂-၂၀၁၈ (တနင်္လာနေ့) မွန်းလွဲ ၁ နာရီက Sule Shangri-La Hotel ၌ ကျင်းပသည်။
ခေတ်အဆက်ဆက်ပေါ်ပေါက်လာခဲ့သော စာကောင်းပေမွန်များထဲမှ ကောင်းနိုးရာရာတို့ကို ရွေးချယ်၍ စာဖတ်ပရိသတ်လက်ထဲသို့ တစုတစည်းတည်း အပ်နှင်းလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်များကို ထုတ်ဝေခြင်းဖြစ်ရာ ပထမဆုံးအဖြစ် ၀တ္ထုရှည် အတွဲ (၁၊၂၊၃) စာစဉ် များကို စတင်ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမိတ်ဆက်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ထုတ်ဝေရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ၀တ္ထုရှည်အတွဲ ၃ တွဲနှင့် ပတ်သက်၍ မိတ်ဆက် စကားပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က စာအုပ် ၃ အုပ်ကို မိတ်ဆက်နိဒါန်း ရေးသားပေးခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့ကြသော ပညာရှင်ကြီးများကိုယ်စား ဦးအေးချို (မဟာဝိဇ္ဇာ) ကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်သည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က စာအုပ် ၃ အုပ်တွင် ပါဝင်သည့် စာရေးဆရာကြီးများ၏ မိသားစုများကို မူပိုင်ခွင့်နှင့် ဉာဏ်ပူဇော်ခများ ချီးမြှင့်သည်။
ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် ထုတ်ဝေရေးကော်မတီ ကိုယ်စား ကော်မတီဝင်တစ်ဦးကို မေတ္တာလက်ဆောင် စာအုပ်များ ပေးအပ်သည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် ထုတ်ဝေရေးကော်မတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မိတ်ဆက်နိဒါန်း ရေးသားပေးခဲ့ကြသည့် ပညာရှင်ကြီးများ တည်းဖြတ်ပေးခဲ့ကြသည့် ပညာရှင်ကြီးများ၊ စာအုပ် ၃ အုပ်တွင် ပါဝင်သည့် စာရေးဆရာကြီးများ၏ မိသားစုဝင်များနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် မိတ်ဆက်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ ဆရာမုံရွာအောင်ရှင်၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် ထုတ်ဝေရေးကော်မတီဝင်များ၊ မိတ်ဆက်နိဒါန်း ရေးသားပေးခဲ့ကြသည့် ပညာရှင်ကြီးများ တည်းဖြတ်ပေးခဲ့ကြသည့် ပညာရှင်ကြီးများ၊ စာအုပ် ၃ အုပ်တွင် ပါဝင်သည့် စာရေးဆရာကြီးများ၏ မိသားစုဝင် များ၊ တာဝန်ရှိသူများ အခြားဖိတ်ကြားထားသော ဧည်သည်တော်များနှင့် သတင်းမီဒီယာအသီးသီးမှ သတင်းထောက်များ တက်ရောက်ကြသည်။
အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းကြောင်း သိရှိရသည်။