ပြန်ကြားရေးဝန်ကြီးဌာန၊
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၇ ခုနှစ်အတွင်း
ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး
အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်း ခံရသော စာအုပ်များနှင့်
စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန် ကြေညာသည်။
၀တ္ထုရှည်ဆုတွင် လူခါး ရေးသားသည့် မြန်မာပြည်အပြင်ဘက်စာအုပ် (၇၇၇၇ စာပေတိုက်)၊ ၀တ္ထုတိုပေါင်းချုပ်ဆုတွင် တင့်ဇော် ရေးသားသည့် အရသာမတူသောပန်းသီးများစာအုပ် (လင်းလွန်းခင် စာပေတိုက်)၊ ကဗျာဘာသာရပ်ဆုတွင် မနီတာ ရေးသားသည့် အင်း၀သို့ ရင်ခုန်ခြင်း ကဗျာရှည်စာအုပ်(ခြူးခြူးစာပေတိုက်)၊ စာပဒေသာဆုတွင် တင်ညွန့်ရေးသားသည့် ကျောင်းဆရာ မှတ်တမ်းစာအုပ်(မောက္ခစာပေတိုက်)၊ ကလေးစာပေ ဆုတွင် စံပယ်ဖြူနု ရေးသားသည့် ပါလေရာ အယ်နီစာအုပ်(ကံ့ကော်ဝတ်ရည်စာပေတိုက်)၊ ဘာသာပြန်(သုတ)ဆုတွင် လင်းထက်ဆွေ ရေးသားသည့် ဟိမ၀န္တာခရီးသည်၏ဆေးဘုရားရှာပုံတော် စာအုပ်(စွယ်တော်စာပေတိုက်)၊ ဘာသာပြန်(ရသ) ဆုတွင် တင့်ဇော်ရေးသားသည့် အာရှ၀တ္ထုတိုများစာအုပ် (ဓာနဒီစာပေတိုက်)၊ သုတပဒေသာ(ဝိဇ္ဇာ) ဆုတွင် ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် ပြည်သူဗဟိုပြုဝန်ဆောင်မှုများဆီသို့ စာအုပ် (Quality Publishing House စာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် မောင်မောင်စိုး ရေးသားသည့် မြောက်ဦးစစ်တမ်းစာအုပ်(ရွှေနဒီစာပေတိုက်)၊ အင်္ဂလိပ်ဘာသာ (သုတ) ဆုတွင် Dr. Khin Let Yar ရေးသားသည့် Burma’s Fate စာအုပ် (ဇွန်ပွင့်စာပေတိုက်)၊ ရသစာတမ်းဆုတွင် မောင်ရင့်မာ(ကျောင်းကုန်း) ရေးသားသည့် နွေနှောင်းတစ်ည၌ လရောင်နှင့်လေညင်းကို တွေ့ရှိခြင်း စာအုပ်(ဝန်ချတောင် စာပေတိုက်)တို့ကို ဆုချီးမြှင့်ကြောင်း ကြေညာသည်။
အမျိုးသားစာပေဆုကို ယခင်က ကျပ်သုံးသိန်း ချီးမြှင့်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ကျပ်ငါးသိန်းထိလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ကျပ် ၁၀ သိန်းထိ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ကျပ် ၁၅ သိန်းထိလည်းကောင်း အဆင့်ဆင့်တိုးမြှင့်ခဲ့သည်။ ယခုနှစ်တွင် ကျပ် ၂၅ သိန်းသို့ တိုးမြှင့် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် (၆၅) ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ × ၇) လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို
၈-၁၂-၂၀၁၈ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ
အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား
စာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင်
ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။